Virtual Private Server (VPS) တွေဟာ ဘက်စုံသုံးလို့ရတဲ့အတွက် ယနေ့နောက်ပိုင်းခေတ်မှာ ရေပန်းစားလာခဲ့ပါတယ်။ ပုံမှန်အတိုင်း Server ကြီးတစ်ခု သို့မဟုတ် Physical Server Cluster တွေပေါ်မှာ Virtualization နည်းပညာ အသုံးပြုပြီး VPS Server ငယ်လေးတွေ ခွဲပြီး အသုံးပြုကြသလို Cloud Computing နည်းပညာနဲ့ ပေါင်းစပ်ပြီး Cloud VPS ဆိုတာတွေလည်း ထွက်ပေါ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် VPS တွေပေါ်မှာ Web Server တွေ Email Server တွေ File Server တွေ အစရှိတဲ့ Server ပေါင်းစုံအပြင် အခြားသော တကိုယ်ရေ အသုံးပြုမှုများအတွက်ပါ VPS တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာလျက်ရှိပါတယ်။ ဒါကြောင့် VPS တွေကို ဝယ်ယူတဲ့အခါ VPS ရောင်းချတဲ့ VPS Hosting Provider တွေမှာ Managed VPS နဲ့ Unmanaged VPS ဆိုပြီး အမျိုးအစား ၂ မျိုးခွဲပြီး ရောင်းချနေကြတာတွေ တွေ့မြင်လာရမှာပါ။
Unmanaged VPS
Unmanaged VPS ဆိုတာကတော့ VPS ရောင်းချတဲ့ ကုမ္ပဏီ အဖွဲ့အစည်းက VPS ကို ရောင်းပဲ ရောင်းလိုက်တာပါ။ အဲဒီ VPS ချိတ်ဆက်ထားတဲ့ Network ပိုင်းဆိုင်ရာ ပျက်တောက်မှုများ နှောင့်နှေးမှုများ မဖြစ်အောင် ထိန်းသိမ်းခြင်းနဲ့ အဲဒီ VPS ဟာ အချိန်ပြည့်နီးပါး အသုံးပြုလို့ရပြီး Running ဖြစ်နေအောင် သက်ဆိုင်ရာ VPS ရှိတဲ့ Host တွေကို ထိန်းသိမ်းပေးတယ် ဆိုတာတွေကလွဲရင် ကျန်တာအားလုံးကို တာဝန်မယူပါဘူး။ အဲဒီ VPS ပေါ်မှာ ဘာပဲ တင်တင်၊ ဘာပဲလုပ်လုပ်၊ ဘယ်လို လုံခြုံရေးမျိုးပဲ ထားထား၊ ယိုပေါက်ကြီးပဲရှိနေပါစေ ရောင်းချတဲ့သူတွေက ဘာဆို ဘာမှ မလုပ်ပေးပါဘူး။
Unmanaged VPS တွေကိုတော့ နည်းပညာပိုင်း တတ်ကျွမ်းနားလည်တဲ့သူတွေက သူတို့စိတ်ကြိုက် ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ချင်တာကို ကြိုက်သလို လုပ်လို့ရတဲ့အတွက် ကြိုက်ကြပါတယ်။ Application စမ်းသပ် တင်သုံးတဲ့သူတွေ၊ ကိုယ်က နည်းပညာပိုင်း အားကောင်းလို့ သို့မဟုတ် နည်းပညာပိုင်း အားကောင်းတဲ့ ဌာန တစ်ခုခု အဖွဲ့တစ်ခုခုရှိလို့ သို့မဟုတ် နည်းပညာပိုင်းကို အခြားအဖွဲ့ကနေ ပံ့ပိုးပေးထားလို့ ဆိုရင်တော့ ဈေးသက်သာတဲ့ Unmanaged VPS တွေကို ဝယ်ယူအသုံးပြုကြတာ အသင့်တော်ဆုံးပါပဲ။
နည်းပညာပိုင်း အားမကောင်းတဲ့ သို့မဟုတ် အားကောင်းတဲ့အဖွဲ့အစည်း ကုမ္ပဏီ တစ်ခုခုရဲ့ ထောက်ပံ့မှု ဝန်ဆောင်မှုတွေကို ရယူထားခြင်း မရှိရင်တော့ Unmanaged VPS ကို အသုံးပြုရတာဟာ အမှောင်ထဲမှာ အလင်းရောင်လုံးဝမရှိပဲ လမ်းလျှောက်နေရသလိုပဲ ဖြစ်မှာပါ။
Managed VPS
Managed VPS တွေကတော့ Unmanaged VPS တွေနဲ့ ယှဉ်ရင် ဈေးများပါတယ်။ ဘာလို့ဈေးများလဲဆိုတော့ VPS ရောင်းတဲ့သူက အစစ အရာရာ နီးပါး တာဝန်ယူထားလို့ပါပဲ။ ဥပမာအားဖြင့် Operating System နဲ့ တင်ထားတဲ့ Application တွေ Kernel တွေကို အမြဲတမ်း Update ဖြစ်နေအောင် အချိန်ပြည့် ဂရုစိုက်ပေးမယ်၊ Web Hosting Server ကို တာဝန်ယူထားပေးတယ်၊ System Backup တွေကို ဝင်ရောက်လုပ်ကိုင်ပေးမယ်၊ Server ကို Monitoring ပြုလုပ်ပေးထားမယ်၊ Security ယိုပေါက်တွေကို အချိန်နဲ့ တပြေးညီ စစ်ဆေးပေးမယ်၊ Virus/Malware တွေကို အမြဲတမ်း Scan ပေးမယ်၊ Firewall တွေကို ထိန်းညှိပေးမယ်၊ Customer ရဲ့ လိုအပ်ချက် တောင်းဆိုချက်တွေကို တတ်နိုင်သမျှ အမြန်ဆုံး သို့မဟုတ် SLA စာချုပ်အတိုင်း လုပ်ဆောင်ပေးမယ် စသည်အတိုင်း ရောင်းတဲ့သူဘက်ကနေပြီး အားလုံးနီးပါးကို တာဝန်ယူပေးထားတာမျိုးဟာ Managed VPS တွေပဲဖြစ်ပါတယ်။
Managed VPS တွေကိုတော့ လုပ်ငန်းလည်ပတ်မှု Budget နဲ့ကိုက်ညီတဲ့ လုပ်ငန်းတွေမှာ သီးခြား ဝန်ထမ်းတွေ မငှားတော့ပဲ VPS ရောင်းတဲ့သူတွေကို တာဝန်ပေးထားလိုတဲ့ အချိန်မျိုးတွေမှာ အဓိက အသုံးပြုကြပါတယ်။ ဥပမာအားဖြင့် Server တွေကို တာဝန်ယူဖို့ System Administrator တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုတဲ့ SysAdmin တွေကို ပေးရမယ့် လစာနဲ့ Managed VPS Provider ကိုပေးရမယ့် ငွေကြေးပမာဏနဲ့ နှိုင်းယှဉ်ညှိနှိုင်းလို့ သက်သာရင် ဝန်ထမ်းတွေမထားတော့ပါဘူး။ သို့မဟုတ် ခန့်အပ်မယ့် SysAdmin တွေရဲ့ လုပ်နိုင်စွမ်း အရည်အချင်းနဲ့ VPS Provider က ပေးတဲ့ လုပ်နိုင်စွမ်းတွေနဲ့ ယှဉ်ကြည့်လိုက်လို့ ကွာဟမှု အများကြီးရှိမယ်ဆိုရင် Managed VPS တွေကိုပဲ ဝယ်သုံးကြပါတော့တယ်။ (စိတ်မရှိပါနဲ့ အမှန်တရားတွေက တခါတလေမှာတော့ နားဝင်ဆိုးတယ် 🙁 )
Managed VPS Vs Unmanaged VPS
Managed နဲ့ Unmanaged နဲ့ နှစ်ခုအကြား ဘယ်ဟာရွေးချယ်ရမလဲဆိုရင်တော့ အထက်ကပြောခဲ့တာတွေနဲ့ ကိုယ့်လုပ်ငန်း၊ ရည်ရွယ်ချက် သို့မဟုတ် Budget နဲ့ ကိုက်ညီမယ့် ဝန်ဆောင်မှုကို ရွေးချယ်ရမှာပါ။ ကိုယ် နဲ့ ကိုယ့်အဖွဲ့၊ ကုမ္ပဏီက နည်းပညာပိုင်း အားကောင်းတယ်ဆိုရင်တော့ Unmanaged VPS ကိုရွေးချယ်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ Managed VPS ဟာ မိတ်ဆွေအတွက် အချိန်ကုန် ငွေကုန် ပိုမိုသက်သာပြီး အားကောင်းတဲ့ ထောက်ပံ့မှုတစ်ခုကို ရမယ်ဆိုတာ မလွဲမသွေပဲ ဖြစ်ပါကြောင်း Managed Vs Unmanaged VPS ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်။
ကြော်ငြာ
Cyber Wings Co., Ltd မှာတော့ Managed VPS တွေကော Unmanaged VPS တွေပါ ရယူအသုံးပြုနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။